Sunday 4 March 2012

ဇွဲကပင် မျိုးချစ် ကရင် လူငယ် အဖွဲ့ (စင်္ကာပူ) က ဥက္ကဌ နှင့်အဖွဲ့ ပအိုဝ်း အမျိုးသားနေ့ အခမ်းအနား တက်ရောက်

(စင်္ကာပူ မတ်လ ၄ ရက်)
ယနေ့ နေ့လည်ပိုင်းတွင် စင်္ကာပူ နိုင်ငံ Yeo’s Building တွင် ကျင်းပခဲ့သော စင်္ကာပူရောက် ပအိုဝ်း တိုင်းရင်းသား အဖွဲ့၏ ပဉ္စမ အကြိမ်မြောက် ပအိုဝ်း အမျိုးသားနေ့ အခမ်းအနားသို့ ဇွဲကပင် မျိုးချစ် ကရင် လူငယ်များ အဖွဲ့က ဥက္ကဌ စကျော်ဟှိလာ ဦးဆောင်သော အဖွဲ့က ဂုဏ်ပြု တက်ရောက်ကာ ဇွဲကပင် ကရင် မောင်မယ်များက ကရင်ရိုးရာ ဒုံးယိမ်းအကဖြင့် ဂုဏ်ပြု တင်ဆက် ခဲ့ကြောင်း သတင်းရရှိသည်။ 
အခမ်းအနားကို ယနေ့ နေ့လည် ၁၂ နာရီတွင် ပအိုဝ်း အမျိုးသား အလံတော်ကို အလေးပြုကာ ပအိုဝ်း အမျိုးသား သီချင်း သီဆိုပြီး စတင် ဖွင့်လှစ်ခဲ့သည်။ ဆက်လက်ပြီး ပအိုဝ်း အမျိုးသားနေ့ အခမ်းအနား ဖြစ်မြောက်လာပုံ သမိုင်း အကျဉ်းကို ပအိုဝ်း ဘာသာဖြင့် ခွန်ရေချမ်းက လည်းကောင်း၊ မြန်မာ ဘာသာဖြင့် ခွန်ဟန်မင်းအောင် တို့ကလည်းကောင်း အသီးသီး ဖတ်ကြား ခဲ့ကြသည်။ ထို့နောက် မွန်ပြည်နယ် သထုံမြို့ ပုဗ္ဗာရုံ ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ခေမာစာရ က ပေးပို့သော ပအိုဝ်း အမျိုးသားနေ့ သ၀ဏ်လွှာကို ခွန်ဟန်မင်းအောင်က ဖတ်ကြားခဲ့သည်။ 
ထို့နောက် တက်ရောက် လာကြသော တိုင်းရင်းသား အဖွဲ့များ၏ ရင်တွင်း ခံစားချက် မိန့်ခွန်းများကို ပြောကြားကြရာတွင် ဇွဲကပင် မျိုးချစ် ကရင် လူငယ်များ အဖွဲ့က ဥက္ကဌ စကျော်ဟှိလာ၊ ရှမ်း တိုင်းရင်းသား အဖွဲ့ (စင်္ကာပူ)က စိုင်းအုန်းကျော်၊ ကချင် တိုင်းရင်းသား အဖွဲ့ (စင်္ကာပူ)မှ မရန်း ၀ီလျှံ၊ မွန် တိုင်းရင်းသား အဖွဲ့ (စင်္ကာပူ)က နိုင်တောပနားအောင်၊ ရခိုင် တိုင်းရင်းသား အဖွဲ့ (စင်္ကာပူ)က ကိုသန်းထွန်းအေး တို့က အသီးသီး ခံစားချက် မိန့်ခွန်းများ ပြောကြားခဲ့ကြသည်။ ဆက်လက်ပြီး အခမ်းအနား ဖြစ်မြောက်ရေးအတွက် အဘက်ဘက်က ကူညီပေးခဲ့ကြသော ပုဂ္ဂိုလ်များအား ပအိုဝ်း တိုင်းရင်းသား အဖွဲ့ (စင်္ကာပူ)မှ ခွန်ထွန်းလင်းက ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ် ချီးမြှင့်ခဲ့သည်။ ထို့နောက် ပအိုဝ်း တိုင်းရင်းသား အဖွဲ့ ဥက္ကဌ ကိုယ်စား ကျေးဇူးတင်စကားကို ခွန်ရေချမ်းက ပြောကြားခဲ့သည်။ ထို့နောက် ဇွဲကပင် မျိုးချစ် ကရင် လူငယ်များ အဖွဲ့၏ ခင်မင်မှု အထိမ်းအမှတ် မေတ္တာလက်ဆောင် ပန်းခြင်းကို သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ စထင်လင်းထွဋ်က ပေးအပ်ရာ ပအိုဝ်း တိုင်းရင်းသား အဖွဲ့ (စင်္ကာပူ)က ခွန်ထွန်းလင်းက လက်ခံ ရယူခဲ့သည်။ 
ပအိုဝ်း တိုင်းရင်းသား အဖွဲ့ (စင်္ကာပူ)၏ ပဉ္စမအကြိမ်မြောက် ပအိုဝ်း အမျိုးသားနေ့ အခမ်းအနားတွင် ဇွဲကပင် မျိုးချစ် ကရင်လူငယ်များက ကရင်ရိုးရာ ဒုံးယိမ်းအကဖြင့် ပါဝင် ဂုဏ်ပြုတင်ဆက်နေစဉ်

ဆက်လက် အခမ်းအနား အစီအစဉ် ဒုတိယပိုင်း၊ ဖျော်ဖြေရေး အစီအစဉ်များအား တင်ဆက်ရာတွင် ပအိုဝ်း ရိုးရာ သီချင်းများ၊ ပအိုဝ်း ရိုးရာ အကများ၊ ပအိုဝ်းရိုးရာ သိုင်းအကများအပြင် ရှမ်း တိုင်းရင်းသားများ၏ ရှမ်းရိုးရာ အက၊ ကချင် တိုင်းရင်းသားများ၏ ကချင်ရိုးရာ အက၊ ကရင် တိုင်းရင်းသားများ၏ ဒုံးယိမ်းအက၊ ရှမ်းရိုးရာ ဓါးသိုင်းအကများဖြင့် စုံစုံလင်လင် တင်ဆက်ခဲ့ကြသည်။ ထို့နောက် ပအိုဝ်း ရိုးရာ သီချင်းဖြင့် နောက်ဆုံးပိတ် ဖျော်ဖြေသီဆိုရာတွင် ကရင် တိုင်းရင်းသားများက ပအိုဝ်း တိုင်းရင်းသား များနှင့် စုပေါင်း ကပြခဲ့ကြပြီး အခမ်းအနားကို ယနေ့ ညနေ ၄ နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီး ခဲ့ကြသည်။ ထို့နောက် ပအိုဝ်း တိုင်းရင်းသား အဖွဲ့ဝင်များနှင့် ကရင် တိုင်းရင်းသား အဖွဲ့ဝင်များ ချစ်ကြည်မှု မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ခဲ့ကြကာ ဇွဲကပင် မျိုးချစ် ကရင် လူငယ်များ အဖွဲ့က ဥက္ကဌနှင့် အဖွဲ့ဝင်များ ညနေ ၄း၁၅တွင် အခမ်းအနား ကျင်းပရာ ခန်းမမှ ပြန်လည် ထွက်ခွာသွားကြောင်း သက်ဆိုင်ရာက သတင်း ရရှိပါသည်။
(သတင်း - မြောင်းမြ ကရင်လေး)