သတင်းမှတ်တမ်း

သတင်းခေါင်းစဉ်များ
၁. တတိယအကြိမ် ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပပြီးစီး 
၂. တတိယအကြိမ် ကရင့်ရိုးရာ လက်ချည်ပွဲတွင် ပအိုဝ်း မိသားစု (စင်္ကာပူ)က ပအိုဝ်းရိုးရာ    အကဖြင့် ဖျော်ဖြေမည်
၃. တတိယအကြိမ် ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနား ဖိတ်ကြား
၎. တတိယအကြိမ် ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး စည်းဝေး
၅. ဇွဲကပင်မျိုးချစ်လူငယ်(စင်္ကာပူ)က ပြည်တော် အပြီးပြန်တော့မည့် အဖွဲ့ဝင် မိသားစုအား နှုတ်ဆက်ပွဲကျင်းပ
၆. စင်္ကာပူနိုင်ငံ တတိယအကြိမ် ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနား လာမည့် သြဂုတ်လ ၇ ရက်နေ့တွင် ကျင်းပမည်
၇. ဇွဲကပင်မျိုးချစ်လူငယ် (စင်္ကာပူ) လစဉ်အစည်းအဝေး ကျင်းပပြီးစီး 
၈. ၀ရဓာတုရတနာရာမ အသင်းတော် (ဓာတ်တော်တိုက်) မြန်မာ့ရိုးရာသင်္ကြန် ရေသဘင်ပွဲတော်နှင့် နှစ်သစ်ကူးပွဲတော်တွင် ကရင့်ရိုးရာ ဒုံးအက ဖျော်ဖြေမည် 



တတိယအကြိမ် ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီး
(စင်္ကာပူ၊ သြဂုတ်လ ၇ ရက်)
စင်္ကာပူရောက် မျိုးချစ် ကရင် လူငယ်များဖြင့် စုစည်း တည်ထောင်ထားသော ဇွဲကပင် မျိုးချစ် ကရင် လူငယ် အဖွဲ့ (စင်္ကာပူ) က ကြီးမှူး ကျင်းပသည့် တတိယအကြိမ်မြောက် ရိုးရာ လက်ချည်ပွဲ တစ်ရပ်ကို ယနေ့ ညနေ ၃ နာရီမှ ည ၈ နာရီအထိ စင်္ကာပူနိုင်ငံ အမှတ် ၁၆၅ Sims Avenue ရှိ Harvest Care Center ၏ စတုတ္ထထပ်တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပ ပြီးစီးခဲ့သည်။ အဆိုပါ ရိုးရာ လက်ချည်ပွဲကို စင်္ကာပူရောက် ကရင် တိုင်းရင်းသားများနှင့်အတူ ပအိုဝ်း တိုင်းရင်းသားအဖွဲ့၊ Ren Ci Community Hospital မှ Nursing ဒါရိုက်တာ Mdm. Mak Ngai Khan ဦးဆောင်သော အဆိုပါ ဆေးရုံမှ ကရင်တိုင်းရင်းသား လူငယ် မောင်မယ်များ၊ ကရင့် ရိုးရာ ယဉ်ကျေးမှုကို လေးစား မြတ်နိုးကြသူများ စုံလင်စွာ တက်ရောက်ခဲ့ကြသည်။ 
သရုပ်ပြ လက်ချည်နေစဉ်
ပထမဦးစွာ ကရင့် အမျိုးသား အလံတော်အား အလေးပြုကာ ကရင့် အမျိုးသား သီချင်းကို သံပြိုင် သီဆိုပြီး အခမ်းအနားကို စတင် ဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် ဇွဲကပင် မျိုးချစ် လူငယ်အဖွဲ့ (စင်္ကာပူ)မှ အတွင်းရေးမှူး စောထွန့်မောင်းက အဖွင့် အမှာစကား ပြောကြားသည်။ ဆက်လက်၍ ဖိတ်ကြားထားသော ဧည့်သည်တော် တစ်ဦးဖြစ်သူ မန်းဟန်နရီက အမျိုးသားရေးနှင့် ပတ်သက်၍ အမှာစကား ပြောကြားခဲ့ပြီး ကရင် တိုင်းရင်းသူ နန်းချိုချိုဝင်း နှင့် ကရင် တိုင်းရင်းသား စောမုန်တိုင်း တို့က ရိုးရာ လက်ချည်ပွဲ နှင့်ပတ်သက်သော လက်ချည်ပွဲ စာတမ်းကို မြန်မာဘာသာ၊ အရှေ့ပိုး ကရင်ဘာသာ တို့ဖြင့် အသီးသီး ဖတ်ကြားကြသည်။ ထို့နောက် ဇွဲကပင် မျိုးချစ် ကရင် လူငယ် အဖွဲ့ဝင် ကရင် လူငယ်များက လက်ချည်ခြင်းကို သရုပ်ပြကြသည်။ ဆက်လက်၍ တက်ရောက်လာကြသော ဧည့်ပရိတ်သတ်များက ဘိုးဘွားများထံမှ လက်ချည်ခြင်း ခံယူကြသည်။ 
အခမ်းအနား အစီအစဉ် ဒုတိယပိုင်းကို ဆက်လက် တင်ဆက်ရာတွင် ပအိုဝ်း မိသားစု (စင်္ကာပူ)က အားဖြည့် တင်ဆက်ပေးသော ပအိုဝ်းရိုးရာ ထုံမောင်းအက၊ Renci Community Hospital ကရင်လူငယ်များ၏ ဒုံးယိမ်းအက၊ ဇွဲကပင် မျိုးချစ်လူငယ်များက စုပေါင်းတင်ဆက်သော လက်ချည်ပွဲ သရုပ်ပြ ဒုံးယိမ်းအကနှင့် ရိုးရာ ဒုံးယိမ်းအကများအပြင် ကရင် တိုင်းရင်းသား တေးသံရှင်များ၏ တေးဂီတများဖြင့် ဆက်လက် ဖျော်ဖြေခဲ့ကြသည်။ ထို့နောက် စည်းလုံး ညီညွတ်ရေး တေးတစ်ပုဒ်ဖြစ်သည့် အှ်ဃှူ့အှ်ဃှင် တေးသီချင်းကို အားလုံး စုပေါင်း သီဆိုကြကာ အခမ်းအနားကို ယနေ့ည ၈ နာရီခန့်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြသည်။ သတင်းနှင့်  ပြန်ကြားရေး၊ ဇွဲကပင် မျိုးချစ် ကရင် လူငယ်အဖွဲ့ကလည်း အဆိုပါ လက်ချည်ပွဲ၏ မှတ်တမ်းတင် ဗွီဒီယိုများကို ဇွဲကပင် မျိုးချစ် လူငယ် (စင်္ကာပူ) ဘလော့တွင် မကြာမီ ရက်များအတွင်း တင်ဆက်ပေးမည်ဖြစ်ကြောင်း သက်ဆိုင်ရာက သတင်းရရှိပါသည်။
(သတင်း - ကရင်လေး မောင်ထင်)



တတိယအကြိမ် ကရင့်ရိုးရာ လက်ချည်ပွဲတွင် ပအိုဝ်း မိသားစု (စင်္ကာပူ)က ပအိုဝ်းရိုးရာအကဖြင့် ဖျော်ဖြေမည်

(စင်္ကာပူ၊ သြဂုတ်လ ၃ ရက်)
ယခုလ ၇ ရက်နေ့တွင် စင်္ကာပူနိုင်ငံ Sims Avenue အမှတ် ၁၆၅ ရှိ Harvest Care Center တွင် ကျင်းပပြုလုပ်မည့် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားတွင် ပအိုဝ်းမိသားစု(စင်္ကာပူ)က ပအိုဝ်းရိုးရာ တိုင်းရင်းသားအကဖြင့် အားဖြည့် တင်ဆက် ဖျော်ဖြေမည် ဖြစ်ကြောင်း သက်ဆိုင်ရာက သတင်းရရှိပါသည်။ အဆိုပါ ပအိုးဝ်မိသားစု (စင်္ကာပူ)သည် စင်္ကာပူတွင် ရောက်ရှိနေသော ပအိုးဝ်တိုင်းရင်းသားများဖြင့် စုစည်းတည်ထောင်ထားပြီး မိမိတို့ ပအိုဝ်းတိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှုကို မြတ်နိုးလေးစား တန်ဘိုးထားကာ သမိုင်းပေးတာဝန်ကို ထမ်းရွက်နေသော တိုင်းရင်းသား အဖွဲ့တစ်ခု ဖြစ်သည်။ ဇူလိုင်လ ၃၁ ရက်နေ့က တွေ့ဆုံမှုတစ်ခုတွင် ယခုလာမည့် ကရင့်ရိုးရာ လက်ချည်ပွဲတွင် ၄င်းတို့ တိုင်းရင်းသား မိသားစုက ပအိုဝ်းရိုးရာ အကဖြင့် ပါဝင်ကာ အားဖြည့် ကူညီ တင်ဆက်ပေးမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။
(သတင်း-မြောင်းမြကရင်လေး)


တတိယအကြိမ် ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနား ဖိတ်ကြား
(စင်္ကာပူ ဇူလိုင်လ ၁၃ရက်)
ချစ်ခင်လေးစားရပါသော ရွှေကရင် ညီအကို မောင်နှမ အပေါင်းတို့....
လာမည့် ၂၀၁၁ခုနှစ် သြဂုတ်လ ၇ ရက်နေ့ ညနေ ၃း၀၀နာရီမှ ည၈း၀၀နာရီအထိ စင်္ကာပူနိုင်ငံ Sims Avenue No 165 ရှိ Harvest Care Center စတုတ္ထထပ် Function Hall တွင် စင်္ကာပူနိုင်ငံရောက် မျိုးချစ်ကရင်များဖြင့် စုစည်းတည်ထောင်ထားသည့် ဇွဲကပင် မျိုးချစ် ကရင် လူငယ်အဖွဲ့ (စင်္ကာပူ)က ဦးစီးကာ ဆင်ယင်ကျင်းပမည့် တတိယ အကြိမ် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားကို မျိုးချစ်စိတ်ဓါတ် အရင်းခံကာ မပျက်မကွက် ကြွရောက်ပြီး တက်ရောက်ချီးမြှင့်ပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်....
အခမ်းအနားကျင်းပရာနေရာသို့ လမ်းညွှန်...

Aljunied MRT မှဆင်းလျှင်
MRT လက်မှတ်ဖြတ်ပြီးပါက ဘယ်ဘက်သို့ချိုး... ကွင်းပြင်ကိုဖြတ်လိုက်ပါ။ Sims Avenue ရောက်လျှင် ဆက်လျှောက်ပါ။ ၄င်း Harvest Care Center သည် Lor 19 Geylang နှင့် Lor 21 Geylang လမ်းကြားတွင် ရှိသည်။ မြေပုံကြည့်လိုပါက ဒီနေရာမှာ နှိပ်ပါ။

Kallang MRT မှဆင်းလျှင်
Kallang MRT ရှေ့ ကားမှတ်တိုင်မှ ဘတ်စ်ကားအမှတ် 2, 13, 51, 63, 67, 80 , 100 ကို ၃မှတ်တိုင်(Bus Stop No. 80091)စီးပြီး အနောက်ဘက်သို့ ပြန်ပြီးလျှောက်ပါ။ ၄င်း Harvest Care Center သည် Lorong 19 Geylang နှင့် Lorong 21 Geylang လမ်းကြားတွင် ရှိသည်။ မြေပုံကြည့်လိုပါက ဒီနေရာမှာ နှိပ်ပါ။

အင်တာနက်မှ ရှာလိုပါက
www.gothere.sg ကိုသွားပြီး Search Box တွင် "From (မိမိရှိရာ Postal Code) to 387606" ရိုက်ပြီး ရှာနိုင်ပါသည်။ ထို www.gothere.sg ၀က်ဆိုဒ်တွင် မိမိရှိရာနေရာမှ သွားလိုရာ နေရာသို့ MRT, Bus, Taxi, Private Car ဖြင့် မိမိသွားလိုရာ လမ်းကြောင်းရွေးပြီး လမ်းညွှန်အတိုင်း လာနိုင်ပါသည်။
သတင်းနှင့်ပြန်ကြားရေး၊ ဇွဲကပင်မျိုးချစ်လူငယ် (စင်္ကာပူ)

တတိယအကြိမ် ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး စည်းဝေး
(စင်္ကာပူ၊ ဇူလိုင်လ ၁၀ ရက်)
ဇွဲကပင် မျိုးချစ် ကရင် လူငယ်အဖွဲ့ (စင်္ကာပူ) က ကြီးမှူးကျင်းပမည့် တတိယအကြိမ်မြောက် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ အမျိုးသားရေး အနှစ်သာရ မပျောက်ပျက်အောင် ဆင်ယင် ကျင်းပနိုင်ရေးအတွက် အသေးစိတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး တစ်ရပ်ကို ယနေ့ ညနေပိုင်းက စင်္ကာပူနိုင်ငံ ပင်နီစူလာ ပလာဇာအနီးရှိ စုရပ်တစ်ခုတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။ အဆိုပါ လက်ချည်ပွဲ အခမ်းအနားကို စင်္ကာပူနိုင်ငံ၊ Sims Avenue, No 165 ရှိ Harvest Care Center ၏ စတုတ္ထထပ်တွင် လာမည့် သြဂုတ်လ (၇) ရက်နေ့ ညနေ ၃း၀၀ နာရီမှ ည ၈း၀၀ နာရီ အထိ ကျင်းပပြုလုပ်မည် ဖြစ်သည်။
အစည်းအဝေးသို့် အခမ်းအနား ကြီးမှူးကျင်းပရေး နာယကများ၊ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားကျင်းပနိုင်ရေး အတွက် လိုအပ်သည်များကို နာယကအဖွဲ့ဝင် တစ်ဦးက မှာကြားပြီးနောက်၊ ကျင်းပရေး အဖွဲ့ဝင်များက အခမ်းအနားကျင်းပနိုင်ရေးအတွက် ကြိုတင်စီမံထားရှိမှု အခြေအနေများ၊ ရန်ပုံငွေရှာဖွေရေးကိစ္စ၊ အမှတ်တရ အကျီ င်္ထုတ်ရေးကိစ္စ၊ အကျွေးအမွေး၊ ဖျော်ဖြေရေးကိစ္စများကို ဆွေးနွေးခဲ့ကြကာ အစည်းအဝေးကို ယနေ့ည ၉ နာရီခန့်က ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်း-မြောင်းမြကရင်လေး)



ဇွဲကပင်မျိုးချစ်လူငယ်(စင်္ကာပူ)က ပြည်တော် အပြီးပြန်တော့မည့် အဖွဲ့ဝင် မိသားစုအား နှုတ်ဆက်ပွဲကျင်းပ
(စင်္ကာပူ မေလ ၂၁ ရက်)
စင်္ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ အပြီးပြန်တော့မည့် နန်းမူမူအေးနှင့် အမျိုးသားအား ဇွဲကပင်မျိုးချစ်ကရင်လူငယ် (စင်္ကာပူ) ကစုပေါင်းပြီး နှုတ်ဆက်ပွဲတစ်ရပ်ကို ယနေ့ညနေ ၈နာရီက စင်္ကာပူနိုင်ငံ Chinese Garden တွင် ကျင်းပခဲ့ကြသည်။ အဆိုပါ နှုတ်ဆက်ပွဲ အခမ်းအနားသို့ အသင်းဝင်များ စုံညီစွာ တက်ရောက်ခဲ့ကြသည်။ 

နန်းမိမိခိုင်၏ ငါးပိရည် တို့စရာမျိုးစုံ၊ ခ၀ဲသီးနှင့် ပုဇွန်ချက်၊ ကိုမျိုးဝင်းသိန်းနှင့် အဖွဲ့၏ သစ်သီးစုံကုလားဟင်း တို့နှင့် မျိုးချစ်ကရင်လူငယ်များ ပျော်ရွှင်ချစ်ခင်စွာ တူညီလက်စုံ ညစာစုပေါင်းစားကြကာ ပျော်ပွဲရွှင်ပွဲများဖြင့် ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိပါသည်။ 
(သတင်း-မြောင်းမြကရင်လေး)

စင်္ကာပူနိုင်ငံ တတိယအကြိမ် ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနား လာမည့် သြဂုတ်လ ၇ ရက်နေ့တွင် ကျင်းပမည်
 (စင်္ကာပူ၊ မေလ ၁၆ ရက်) 
 ဇွဲကပင် မျိုးချစ် ကရင် လူငယ်အဖွဲ့ (စင်္ကာပူ) ၏ တတိယအကြိမ် ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကို ယမန်နှစ်က ကျင်းပခဲ့သော စင်္ကာပူနိုင်ငံ အမှတ် 165, Sims Avenue ရှိ Harvest Care Center တွင် ယခုနှစ်၂၀၁၁ခုနှစ် သြဂုတ်လ ၇ ရက်နေ့မှာ စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပမည် ဖြစ်သည်။ အဆိုပါ ဇွဲကပင် မျိုးချစ် ကရင် လူငယ်အဖွဲ့ (စင်္ကာပူ) သည် တန်ဘိုးမဖြတ်နိုင်သော ကရင့်အမျိုးသား စာပေနှင့် ရိုးရာယဉ်ကျေးမှု ရိုးရာအစဉ်အလာများ ကမ္ဘာတည်သ ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်လျှက် ရောက်ရာနေရာမှာ သမိုင်းက ပေးအပ်လာသော အမျိုးသားရေး တာဝန်များကို တာဝန်သိသိ သစ္စာရှိရှိဖြင့် မျိုးချစ်စိတ်ဓာတ် အရင်းခံကာ အင်တိုက်အားတိုက် ကြိုးပမ်းနေသော မျိုးချစ် ကရင် လူငယ်လေးများဖြင့် စုစည်းထားသည့် အင်အားစုတစ်ခုဖြစ်သည်။ အဆိုပါ အင်အားစုသည် စင်္ကာပူနိုင်ငံတွင် အဦးအစ ပထမဆုံးဖြစ်သော ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကို Boonlay အရပ်က အဖွဲ့ဝင်တစ်ဦး၏ အိမ်မှာ ၂၀၀၉ ခုနှစ် သြဂုတ်လ ၉ ရက်နေ့က စတင် ကျင်းပနိုင်ခဲ့ပြီး စင်္ကာပူရောက် ကရင် အမျိုးသားပေါင်း ၁၀၀ခန့် တက်ရောက်ခဲ့ကြပါသည်။ ဆက်လက်ပြီး ဒုတိယ အကြိမ် ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားကို ပြင်ပတွင် အခန်းငှားကာ ၂၀၁၀ခုနှစ် သြဂုတ်လ ၉ ရက်နေ့မှာ ကျင်းပခဲ့ရာ ကရင် အမျိုးသားပေါင်း ၃၀၀ကျော် တက်ရောက်ခဲ့ပါသည်။ ယခုနှစ် တတိယ အကြိမ်မြောက် ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားကိုလည်း စင်္ကာပူ နိုင်ငံရောက် ကရင့် အမျိုးသားရေးကို မြတ်နိုး တန်ဘိုးထားသူများ မည်သူမဆို တက်ရောက် ချီးမြှင့်ပေးကြနိုင်ရန်အတွက် နှိုးဆော်ထားကြောင်း သတင်းရရှိပါသည်။ 
(သတင်း-ကရင်လေးမောင်ထင်)
 

ဇွဲကပင်မျိုးချစ်လူငယ်(စင်္ကာပူ) လစဉ်စည်းဝေးပွဲ ကျင်းပပြီးစီး
(စင်္ကာပူ ဧပြီလ ၃ရက်)
စင်္ကာပူနိုင်ငံရောက် မျိုးချစ်ကရင် လူငယ်များ စုစည်းလှုပ်ရှားနေသော ဇွဲကပင် မျိုးချစ် ကရင် လူငယ် အဖွဲ့ (စင်္ကာပူ)သည် ယနေ့ ညနေပိုင်းတွင် လစဉ် အစည်းအဝေးတစ်ခုကို ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါ အစည်းအဝေးသို့ မျိုးချစ် ကရင် ညီအကို မောင်နှမများ စုံညီစွာ တက်ရောက်ခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် ဇွဲကပင် မျိုးချစ် ကရင် လူငယ်အဖွဲ့ (စင်္ကာပူ)မှ နာမကျန်းဖြစ်ကာ ဆေးရုံတက် ကုသမှု ခံယူနေသော စောသန်းထွဋ်အောင် အား ဆေးကုသမှု စရိတ် ၂၀၀ ထောက်ပံ့ခြင်း ကိစ္စများ၊ အသင်းကိုယ်စားပြု ဘလော့တစ်ခုကို ပြုလုပ်ရေး ကိစ္စများ၊ လာမည့် သြဂုတ်လအတွင်း ကျင်းပပြုလုပ်မည့် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနား စည်ကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ်နိုင်ရေး ကြိုတင်စီစဉ်မှု ကိစ္စများ၊ လာမည့် ဧပြီလ ၁၇ရက်နေ့တွင် ကျင်းပမည့် ၀ရဓာတုရတနာရာမ အသင်းတော် (ဓာတ်တော်တိုက်) က ပြုလုပ်ကျင်းပမည့် မြန့်မာ့ရိုးရာ နှစ်သစ်ကူးပွဲတော်တွင် အဖွဲ့က ဒုံးအက တင်ဆက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ 
အဆိုပါ အစည်းအဝေးမှ ယခုလက်ရှိ မြောင်းမြကရင်လေး ဟူသည့် အမည်ဖြင့် ထုတ်လွှင့်ထားသော ဘလော့အား ဇွဲကပင်မျိုးချစ်လူငယ်(စင်္ကာပူ) ဟူသည့် အမည်ဖြင့် အသင်းကိုယ်စားပြု ပြောင်းလဲ ထုတ်လွှင့်ရန် ဆုံးဖြတ်ခဲ့ကြသည်။ အဆိုပါ ဇွဲကပင်မျိုးချစ်လူငယ်(စင်္ကာပူ) ဘလော့သည် ကရင်တစ်မျိုးသားလုံး၏ အမျိုးသားရေးတာဝန်ကိုသာ ပုခုံးပြောင်းထမ်းရွက်သွားရန်နှင့် အခြား မည်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆက်စပ်လှုပ်ရှားမှု၊ အမြတ်ထုတ်မှု တစ်စုံတရာကိုမှ ပြုလုပ်မည် မဟုတ်ပေ။ ၄င်းဘလော့တွင် ကရင့်အမျိုးသားရေး၊ စာပေနှင့် ယဉ်ကျေးမှု ဖော်ထုတ်ရေးတို့ကိုသာ ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်သည်။ ဆွေးနွေးမှုများကို အတည်ပြုခဲ့ပြီး အစည်းအဝေးကို ယနေ့ည ၇း၃၀ တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်း-မြောင်းမြကရင်လေး)

ဝရဓာတုရတနာရာမအသင်းတော် (ဓာတ်တော်တိုက်) မြန်မာ့ရိုးရာသင်္ကြန် ရေသဘင်ပွဲတော်နှင့် နှစ်သစ်ကူးပွဲတော်တွင် ကရင့်ရိုးရာ ဒုံးအက ဖျော်ဖြေမည်
စင်္ကာပူ (ဧပြီလ ၂ရက်၊ ၂၀၁၁)
စင်္ကာပူနိုင်ငံ No 59, Lor 4 Geylang ရှိ ၀ရဓာတုရတနာရာမအသင်းတော် (ဓါတ်တော်တိုက်)၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော မြန်မာ့ရိုးရာ နှစ်သစ်မင်္ဂလာ မေတ္တာသင်္ကြန် ရေသဘင်ပွဲတော်ကို အစဉ်အလာမပျက် ကျင်းပလာခဲ့ရာ ယခုနှစ်တွင်လည်း စင်္ကာပူနိုင်ငံ No 2, Telok Blangah Street 31 ရှိ Yeo's Building တွင် ယခု ဧပြီလ ၁၇ ရက်နေ့ (တနင်္ဂနွေနေ့) မနက် ၉ နာရီမှ ညနေ ၄ နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်မည် ဖြစ်ပါသည်။ 

အဆိုပါ အခမ်းအနားသို့ စင်္ကာပူရောက် ဇွဲကပင် မျိုးချစ် ကရင် လူငယ် အဖွဲ့ (စင်္ကာပူ)က ကရင့်ရိုးရာ ဒုံးအကများဖြင့် အားဖြည့် ပါဝင် ဂုဏ်ပြု ဖျော်ဖြေမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ အဆိုပါ မြန်မာ့နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် အသက်လွှတ် ဘေးမဲ့အလှူ၊ စင်္ကာပူရောက် အသက်(၇၅) နှစ်အထက် လူကြီးမိဘများအား သက်ကြီးပူဇော်ပွဲ၊ ရင်ထဲစွဲသွားစေမယ့် သင်္ကြန်မယ်လေးများရဲ့ ရိုးရာ သင်္ကြန်ယိမ်းအကများ၊ စင်္ကာပူရောက် တိုင်းရင်းသား ရိုးရာ အဖွဲ့အစည်းများက တင်ဆက်ဖျော်ဖြေမည့် တိုင်းရင်းသား ရိုးရာ အကများ၊ အဆိုတော် သက္ကရာဇ် နှင့် The Candle Music Band အဖွဲ့သားများက တင်ဆက် ဖျော်ဖြေမည့် ခေတ်ပေါ် သင်္ကြန်တေးသံသာများကို ခံစား ကြည့်ရှုနိုင်ယုံသာမက မုန့်လက်ကောက်၊ မုန့်လက်ဆောင်း၊ မုန့်လင်မယား၊ မုန့်လုံးရေပေါ်၊ မုန့်ကြာစေ့၊ သာကူ ၊ကြက်သားသုပ်၊ နန်းကြီးသုပ်၊ ကျောက်ပွင့်သုပ်၊ ထမင်းသုပ်၊ ယိုးဒယား သဘောင်္သီးထောင်း၊ ရခိုင်မုန့်တီ၊ မုန့်ဟင်းခါး၊ မန္တလေး ကြာဇံချက်၊ ကြာဇံကြော်၊ မြန်မာ ထမင်းဟင်း၊ မြီးရှည်၊ အင်းလေးရိုးရာ ငါးထမင်းချဉ်၊ ၀က်သားဒုတ်ထိုး၊ အအေး၊ ရွှေရင်အေး၊ ကျောက်ကျော၊ နနွင်းမကင်း၊ အကြော်စုံ၊  ကောက်ညှင်းပေါင်း၊  ဆီထမင်း တို့ကိုလည်း စတုဒီသာ ကျွေးမွေးသွားမည်ဟု သတင်းရရှိပါသည်။
(သတင်း-မြောင်းမြကရင်လေး)