Saturday 19 November 2011

၂၇၅၁နှစ်မြောက် ကရင်နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် အလှူဒါန ပြုမည်


(စင်္ကာပူ - နိုဝင်ဘာ ၁၉ ရက်)
ဇွဲကပင် မျိုးချစ် ကရင်လူငယ်အဖွဲ့ (စင်္ကာပူ)က ကရင် အမျိုးသား နှစ်သစ်ကူး ပွဲတော် အထိမ်းအမှတ်အဖြစ် နှစ်စဉ် ပြုလုပ် လှူဒါန်းနေကျဖြစ်သော ဆွမ်းကျွေးအလှူကို ခရစ်နှစ် ၂၀၁၂ခုနှစ် ဇန်န၀ါရီလ ၈ ရက်နေ့ (တနင်္ဂနွေနေ့) တွင် စင်္ကာပူနိုင်ငံ Kallang MRT အနီး၊ No: 59, Lor 4 Geylang Singapore 399297 တွင် တည်ရှိသော ရွှေတိဂုံအသင်းတော် ဓာတ်တော်တိုက် မြန်မာ ဘုန်းတော်ကြီးကျောင်းတွင် ဘုရားအမှူးရှိသော သံဃာတော် အရှင်မြတ်များအား နေ့ဆွမ်းဆပ်ကပ် လှူဒါန်းမည်ဖြစ်သည်။ အဆိုပါ အလှူပွဲ ကျင်းပရေးကိစ္စကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့က ကျင်းပခဲ့သော အထူးအစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုခဲ့ခြင်း ဖြစ်သည်။ စင်္ကာပူနိုင်ငံရောက် မျိုးချစ် ကရင်ညီအကို မောင်နှမ အားလုံးအားလည်း ကြွရောက် သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ရန်လည်း နှိုးဆော်ထားကြောင်း သတင်းရရှိပါသည်။
(သတင်း - ကရင်လေးမောင်ထင်)

Wednesday 16 November 2011

ကရင် နှစ်သစ်ကူး ကျင်းပရေး ဗဟို ကော်မတီ (စင်္ကာပူ) က ထူးချွန် ကျောင်းသား စာရင်း စတင်လက်ခံ

(စင်္ကာပူ၊ နိုဝင်ဘာ ၁၆)
လာမည့် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် စင်္ကာပူနိုင်ငံတွင် ကျင်းပမည့် ကရင် သက္ကရာဇ် ၂၇၅၁ နှစ်မြောက် ကရင် အမျိုးသား နှစ်သစ်ကူး ပွဲတော် အခမ်းအနားတွင် ထူးချွန် ကရင် လူငယ်၊ မောင်မယ်များအား ပညာရည်ချွန် ဆုပေးခြင်း အစီအစဉ်အား ထည့်သွင်း ကျင်းပမည် ဖြစ်သည်။  ၂၀၁၀ခုနှစ်အတွင်းတွင် GCE O Level စာမေးပွဲကို အခြားနိုင်ငံများတွင် ဖြေဆိုအောင်မြင်ခဲ့ပြီး လက်ရှိ စင်္ကာပူနိုင်ငံတွင် ရောက်ရှိနေသူ၊ ၂၀၁၀ခုနှစ်အတွင်းတွင် GCE O Level စာမေးပွဲကို စင်္ကာပူနိုင်ငံတွင် ဖြေဆိုခဲ့ပြီး ဖြေဆိုခဲ့သည့် ဘာသာရပ်တစ်ခုခုတွင် Grade A1 (သို့) A2 ရရှိထားသူ၊ ၂၀၁၀ခုနှစ်အတွင်းတွင် GCE O Level စာမေးပွဲကို British Council ကဲ့သို့ အခြား စာစစ်ဌာနများတွင် ဖြေဆိုခဲ့ပြီး ဖြေဆိုခဲ့သည့် ဘာသာရပ် တစ်ခုခုတွင် Grade A နှင့် အထက် ရထားသူများ သည် အောင်လက်မှတ် မိတ္တူ၊ ကရင် ရိုးရာ ၀တ်စုံဖြင့် ရိုက်ကူးထားသော passport အရွယ်အစား ဓာတ်ပုံ တစ်ပုံနှင့်အတူ အရှေ့ပိုး ကရင် တိုင်းရင်းသားများက စကျော်ဟိလာ (kyawhila@gmail.com, Phone 9423 7139)၊ အနောက်ပိုးကရင် တိုင်းရင်းသားများက ဖထီး မန်းသိန်းစီ (thein_si@yahoo.com, Phone: 9060 0834)၊ စကော ကရင်နှင့် အခြား ကရင် လူမျိုးစု တိုင်းရင်းသားများက စောဆာလောလ (sawsahlawla@gmail.com,  Phone: 9622 9176) တို့ထံသို့ ဒီဇင်ဘာလ (၁၁) ရက်နေ့ နောက်ဆုံးထားပြီး အီးမေးလ်ပို့ လျှောက်ထားနိုင်ကြောင်း  သက်ဆိုင်ရာက သတင်းရရှိပါသည်။
(သတင်း-မြောင်းမြကရင်လေး)

Sunday 13 November 2011

ဇွဲကပင်မျိုးချစ် ကရင်လူငယ်အဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ ၂၁၀၆နှစ်မြောက် ရှမ်းနှစ်သစ်ကူးနေ့ အခမ်းအနား တက်ရောက်

(စင်္ကာပူ - နိုဝင်ဘာ ၁၂ ရက်)
စင်္ကာပူ ရှမ်းတိုင်းရင်းသား မိသားစုက ဦးစီးကျင်းပသော ၂၁၀၆ နှစ်မြောက် ရှမ်းနှစ်သစ်ကူးနေ့ အထိမ်းအမှတ်ပွဲတော်ကို ယနေ့ ညနေ ၆ နာရီမှ ည ၁၁ နာရီအထိ စင်္ကာပူနိုင်ငံ Kreta Ayer People's Theatre တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ဇွဲကပင်မျိုးချစ် ကရင်လူငယ်အဖွဲ့ (စင်္ကာပူ)က ဥက္ကဌ စကျော်ဟိလာနှင့် အဖွဲ့ဝင်များလည်း ဂုဏ်ပြု တက်ရောက်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားတွင် ရှမ်းရိုးရာ အက၊ အလှ ဖျော်ဖြေမှုများအပြင် နာမည်ကျော် အဆိုတော်များဖြစ်ကြသော ဟန်ထွန်း၊ မေခလာ တို့ရဲ့ တေးသံသာများဖြင့် တင်ဆက်ခဲ့ကြသည်။ 
ဇွဲကပင်မျိုးချစ် ကရင်လူငယ်အဖွဲ့ (စင်္ကာပူ)က သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ စထင်လင်းထွဋ်နှင့် နန့်ပိုးပိုးမင်းတို့က ရှမ်းတိုင်းရင်းသားမိသားစု အား အမှတ်တရ မေတ္တာလက်ဆောင် ပန်းခြင်း ပေးအပ်စဉ်
အခမ်းအနားတွင် ဇွဲကပင် မျိုးချစ် ကရင်လူငယ်အဖွဲ့ (စင်္ကာပူ) က တာဝန်ရှိသူများက စင်္ကာပူ ရှမ်းတိုင်းရင်းသား မိသားစု အား ၂၁၀၆နှစ်မြောက် ရှမ်းနှစ်သစ်ကူးနေ့ အမှတ်တရ မေတ္တာလက်ဆောင် ပန်းခြင်းကို ဂုဏ်ပြုပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်း - မြောင်းမြကရင်လေး)