Sunday 2 September 2012

စတုတ္ထအကြိမ်မြောက် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီး


(စင်္ကာပူ၊ စက်တင်ဘာ ၂ ရက်)
စင်္ကာပူနိုင်ငံရောက် ကရင်တိုင်းရင်းသား ညီအကို မောင်နှမများက ၂၀၀၉ခုနှစ်က စတင်ကာ နှစ်စဉ် စုပေါင်းကျင်းပကြသည့် ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနား တစ်ရပ်ကို ယနေ့ နေ့လည် ၁း၀၀ နာရီက စင်္ကာပူနိုင်ငံ အမှတ် ၁၆၅ Sims Avenue ရှိ Harvest Care Center ၏ စတုတ္ထအထပ်တွင် ကျင်းပခဲ့ကြသည်။
အခမ်းအနားသို့ စင်္ကာပူနိုင်ငံရောက် ကရင်တိုင်းရင်းသား ညီအကို မောင်နှမများနှင့်အတူ အထူးဖိတ်ကြားထားသော တိုင်းရင်းသား အဖွဲ့များဖြစ်သည့် ကချင် တိုင်းရင်းသား မိသားစု (စင်္ကာပူ) က ကိုယ်စားလှယ်များ၊ ရှမ်း တိုင်းရင်းသား မိသားစု (စင်္ကာပူ) က ကိုယ်စားလှယ်များ၊ ပအိုးဝ် တိုင်းရင်းသား မိသားစုက ကိုယ်စားလှယ်များ၊ အင်းသား တိုင်းရင်းသား အဖွဲ့က ကိုယ်စားလှယ်များ၊ ရခိုင် တိုင်းရင်းသား မိသားစု (စင်္ကာပူ) ကိုယ်စားလှယ်များ စုံစုံညီညီ တက်ရောက်ခဲ့ကြသည်။
ကြွရောက်လာသော ဧည့်ပရိတ်သတ်များအား ကရင့်ရိုးရာ မုန့်ဟင်းခါးနှင့် အအေးစုံဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။
ထို့နောက် အခမ်းအနား အစီအစဉ် စတင်ရာတွင် ပထမပိုင်း ဟောပြောပွဲ အခမ်းအနားနှင့် ဒုတိယပိုင်း ဖျော်ဖြေရေး အစီအစဉ် ဟူ နှစ်ပိုင်းခွဲကာ ကျင်းပခဲ့ကြသည်။
ပထမပိုင်း ဟောပြောပွဲ အခမ်းအနား စတင်လျှင် စတင်ချင်း ကရင့်အမျိုးသား အလံတော်ကို အလေးပြုကာ ကရင့် အမျိုးသားသီချင်းကို သံပြိုင် သီဆိုခဲ့ကြသည်။ ထို့နောက် စတုတ္ထအကြိမ် ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနား ကျင်းပရေး ကော်မတီ စင်္ကာပူက နာယက စထွန်းထွန်းဦးက အဖွင့် အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ကျင်းပရေး ကော်မတီ နာယက အဖွဲ့ဝင် စောဒီးဒီးက ကရင်ရိုးရာ ယဉ်ကျေးမှုနှင့် ပတ်သတ်သည့် အချက်အလက်များကို ဟောပြောခဲ့ကြသည်။ ထို့နောက် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနား စာတမ်းကို မြန်မာဘာသာဖြင့် စ၀င်းကိုကိုက ဖတ်ကြားခဲ့သည်။ ဆက်လက် ယခုနှစ် အလှည့်ကျ ဘာသာစကားဖြစ်သည့် အနောက်ပိုး ကရင်ဘာသာစကားဖြင့် ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနား စာတမ်းကို နန့်မူစေးဘွားက ဖတ်ကြားခဲ့ကြသည်။ ထို့နောက် သရုပ်ဖော် လက်ချည်ခြင်း အစီအစဉ်ကို ကရင် မိသားစု စင်္ကာပူ က လူငယ် မောင်မယ်များက သရုပ်ပြခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသော တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ဧည့်ပရိတ်သတ်များက ချည်ဖြူဖွဲ့ လက်ချည်ခဲ့ကြသည်။
စတုတ္ထအကြိမ် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနား ပိတ်နေစဉ်

ထို့နောက် အခမ်းအနား အစီအစဉ် ဒုတိယပိုင်း ကို ဆက်လက် ကျင်းပရာ ကရင် တိုင်းရင်းသား လူငယ်များ၏ ရိုးရာ တေးသံသာများအပြင် လှမ်းလာခဲ့ပါ ဇွဲကပင်မြေ သရုပ်ဖော် ဒုံးယိမ်းအက၊ တောင်ပေါ်ကရင် လူမျိုးစုတို့၏ တောင်ယာ စူးထိုးအက၊ ကရင် တိုင်းရင်းသား လူမျိုးစုတို့၏ ရိုးရာ မင်္ဂလာဆောင် သရုပ်ပြခြင်းတို့ကို တင်ဆက်ခဲ့ကြသည်။ အခမ်းအနားကို စည်းလုံးညီညွတ်ရေး တေးတစ်ပုဒ်ဖြစ်သည့် အှှ်ဃှူ့အှ်ဃှင် သီချင်းဖြင့် စုပေါင်းသီဆိုကာ ယနေ့ညနေ ၅း၃၀ တွင် အောင်မြင်စွာ ကျင်းပပြီးစီးသွားကြောင်း သတင်းရရှိပါသည်။
စတုတ္ထအကြိမ် ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနား ကျင်းပရေး ကော်မတီ၊ သတင်းနှင့် ပြန်ကြားရေး အဖွဲ့မှလည်း ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနား ကျင်းပပုံ မှတ်တမ်း ဗွီဒီယိုများကို ကရင်မိသားစု စင်္ကာပူ၏ ဘလော့ဖြစ်သည့် www.zwekabinyouth.co.cc နှင့် www.youtube.com/myaungmyakayinlay စာမျက်နှာတို့တွင် မကြာမီ တင်ဆက်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
( သတင်း - မြောင်းမြကရင်လေး )