Monday 26 December 2011

၂၇၅၁နှစ်မြောက် ကရင့်ရိုးရာနှစ်သစ်ကူးပွဲတော် ကျင်းပပြီးစီး

(စင်္ကာပူ ဒီဇင်ဘာ ၂၅ရက်)
           ယနေ့ ပြာသိုလဆန်း (၁)ရက်နေ့တွင် ကျရောက်သော ၂၇၅၁နှစ်မြောက် ကရင့်ရိုးရာ နှစ်သစ်ကူး ပွဲတော် အခမ်းအနားကို စင်္ကာပူနိုင်ငံ အမှတ် (7)၊ Shenton Way ရှိ Singapore Conference Hall တွင် ညနေ ၅ နာရီ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။ အခမ်းအနားသို့ စင်္ကာပူရောက် ကရင် တိုင်းရင်းသားပေါင်း နှစ်ထောင်ခန့် တက်ရောက်ခဲ့ကြသည်။ ရှမ်းတိုင်းရင်းသား မိသားစု (စင်္ကာပူ)နှင့် ပအိုးဝ် တိုင်းရင်းသား မိသားစု (စင်္ကာပူ) တို့ကလည်း အဆိုပါ နှစ်သစ်ကူးပွဲတော် အခမ်းအနားကို ဂုဏ်ပြု တက်ရောက်ခဲ့ကြသည်။ အခမ်းအနားကို အစီအစဉ် နှစ်ပိုင်း ခွဲကာ ကျင်းပခဲ့ရာ ပထမပိုင်းတွင် ၂၇၅၁နှစ်မြောက် ကရင်ရိုးရာ နှစ်သစ်ကူးပွဲတော် ကျင်းပရေး အခမ်းအနား သဘာပတိကြီး စကျော်ဃှိလာက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ကရင် တိုင်းရင်းသား လူမျိုးစု ဘာသာ စကားများဖြင့် ကျေးဇူးတင် စကား ပြောဆိုခြင်း အစီအစဉ်တွင် အရှေ့ပိုး ကရင် ဘာသာ စကားဖြင့် စောမုန်တိုင်းက လည်းကောင်း၊ အနောက်ပိုး ကရင် ဘာသာ စကားဖြင့် နန့်စိုးနွယ်အောင်က လည်းကောင်း၊ စကော ကရင် ဘာသာ စကားဖြင့် နော်ဘလက်ဇင်းက လည်းကောင်း၊ ဘွဲကရင် ဘာသာ စကားဖြင့် စောကောင်စီဝါးက လည်းကောင်း၊ ကယား ဘာသာ စကားဖြင့် မော်ဆယ်တယ်ခဲက လည်းကောင်း အသီးသီး ကျေးဇူးတင်စကား ပြောကြားသွားခဲ့ကြသည်။ ထို့နောက် အထူး ဖိတ်ကြားထားသော ဧည့်သည်တော် တစ်ဦးဖြစ်သူ ကရင် တိုင်းရင်းသား စာရေးဆရာ မန်းလင်းမြတ်ကျော်က ကရင် တိုင်းရင်းသားတို့အတွက် မှတ်သားဖွယ်ရာများကို ပြောကြားခဲ့သည်။ ဆက်လက်၍ ၂၇၅၁ခုနှစ် ကရင်နှစ်သစ်ကူး အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲတွင် ဆုရရှိခဲ့သော ပထမ ဆုရအသင်း၊ အကောင်းဆုံး ဘောလုံးသမားဆု၊ ဂိုးအများဆုံး သွင်းနိုင်သော ဘောလုံးသမားဆုတို့နှင့် ပြီးခဲ့သည့် စာသင်နှစ်တွင် GCE O စာမေးပွဲကို ထူးချွန်စွာ ဖြေဆို အောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများကို ဆုချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ၂၇၅၁နှစ်မြောက် ကရင် အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟို ကော်မတီမှ ဖထီး စောသူးသူးပေါလ်က ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနား အစီအစဉ် ပထမပိုင်း ပြီးဆုံးခဲ့သည်။
၂၇၅၁နှစ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်တွင် အရှေ့ပိုးကရင် လူငယ်များက ဒုံးအက တင်ဆက်နေစဉ်

           ထို့နောက် အခမ်းအနား အစီအစဉ် ဒုတိယပိုင်းကို ဆက်လက်တင်ဆက်ရာတွင် အရှေ့ပိုး ကရင် တိုင်းရင်းသား တိုင်းရင်းသူများ၏ ရိုးရာဒုံးယိမ်းအကနှင့် တေးဂီတ ဖျော်ဖြေမှု၊ အနောက်ပိုး ကရင် တိုင်းရင်းသား တိုင်းရင်းသူလေးများ၏ တေးဂီတများ၊ စကော ကရင် တိုင်းရင်းသား တိုင်းရင်းသူလေးများ၏ ဒုံးယိမ်းအက၊ ၀ါးညှပ်အကတို့ဖြင့် စုံလင်စွာ တင်ဆက်ခဲ့ကြသည်။ တင်ဆက်မှုများ တင်ဆက်နေစဉ် အတွင်းတွင် အကူအညီ လိုအပ်နေသော ကရင် ဒေသများသို့ ပေးပို့လှူဒါန်းနိုင်ရန် အလှူငွေများ ကောက်ခံခဲ့ရာ စင်္ကာပူဒေါ်လာ ၆၀၀၀ကျော်၊ မြန်မာကျပ်ငွေ ၁၀၀၀ကျပ်၊ မလေးရှား ရင်းဂစ် ၂၀၀ကျော် ကောက်ခံရရှိခဲ့သည်။ အဆိုပါ ကောက်ခံရရှိသော ငွေကြေးများကို သက်ဆိုင်ရာ ဒေသများသို့ ဆက်လက် ပေးပို့ လှူဒါန်းသွားမည် ဖြစ်သည်။ အခမ်းအနားကို ယနေ့ည ၁၀ နာရီခန့်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်း-မြောင်းမြကရင်လေး)

Monday 12 December 2011

ကရင်နှစ်သစ်ကူးပွဲတော်အတွက် ဇွဲကပင်မျိုးချစ်လူငယ်များ အင်တိုက်အားတိုက် အဆို၊ အကတိုက်နေကြ

(စင်္ကာပူ ဒီဇင်ဘာ ၁၂ရက်)
ယခုနှစ် ဒီဇင်ဘာလ ၂၅ရက်နေ့ ညနေ ၅နာရီတွင် Shenton Way, No.7 Singapore 068810 ရှိ Singapore Conference Hall တွင် ကျင်းပပြုလုပ်မည့် ၂၇၅၁နှစ်မြောက် ကရင် အမျိုးသား နှစ်သစ်ကူး ပွဲတော် အခမ်းအနားတွင် ပါဝင် တင်ဆက်ဖျော်ဖြေနိုင်ရန် ကရင် ရိုးရာ ဒုံးယိမ်းအကများနှင့် ကရင့် ရိုးရာ သီချင်းများကို ဇွဲကပင် မျိုးချစ်ကရင် လူငယ်များအဖွဲ့ (စင်္ကာပူ)က ကရင် ညီအစ်ကို မောင်နှမများက တက်ကြွစွာ အဆို၊ အက တိုက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။ အဆိုပါ ဇွဲကပင် မောင်နှမများသည် စင်္ကာပူ နိုင်ငံ ပင်နီစူလာ ပလာဇာအနီးရှိ စုရပ်တစ်ခုတွင် တနင်္ဂနွေနေ့ ညနေတိုင်း အဆို၊ အက တိုက်လျှက်ရှိသည်။ 

(သတင်း မြောင်းမြကရင်လေး)

Sunday 11 December 2011

၂၇၅၁နှစ်မြောက် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနား ဒီဇင်ဘာ ၂၅ တွင် ကျင်းပမည်

(စင်္ကာပူ၊ ဒီဇင်ဘာ ၁၁ရက်)
ကရင် တိုင်းရင်းသားတို့၏ အထူး အလေးအမြတ်ထားရာ ရက်မြတ် တစ်ခုဖြစ်သည့် ကရင် အမျိုးသား နှစ်သစ်ကူးနေ့ အခမ်းအနားကို စင်္ကာပူနိုင်ငံတွင် ယခုနှစ် ဒီဇင်ဘာလ (၂၅) ရက်နေ့ ညနေ ၅နာရီတွင် ကျင်းပ ပြုလုပ်မည် ဖြစ်သည်။ ယခုနှစ် ကျင်းပသည့် နှစ်သစ်ကူးပွဲတော်သည် ကရင်သက္ကရာဇ် ၂၇၅၁ နှစ်မြောက် ဖြစ်သည်။ ကရင် လူမျိုးများသည် နှစ်စဉ် ကရင်လ သလေး ထိုင်ခုတ်ဖို (ပြာသို) လဆန်း တစ်ရက်နေ့ကို ကရင် နှစ်သစ်ကူးနေ့အဖြစ် တရားဝင် သတ်မှတ်ပြီး အထိမ်းအမှတ်ပွဲများကို ကျင်းပ ပြုလုပ်လျှက်ရှိကြသည်။ ပြည်ထောင်စု မြန်မာနိုင်ငံတွင်းရှိ ကရင် တိုင်းရင်းသားများ သာမက နိုင်ငံတကာသို့ အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိနေကြသော ကရင် တိုင်းရင်းသားများပါမကျန် အထူး အလေးအမြတ်ထားကာ အဆိုပါ နှစ်သစ်ကူးပွဲတော်ကို ကျင်းပလျှက်ရှိကြသည်။ စင်္ကာပူနိုင်ငံတွင် ယခုနှစ် ကျင်းပမည့် ကရင် အမျိုးသား နှစ်သစ်ကူးပွဲတော် အခမ်းအနားကို စင်္ကာပူနိုင်ငံ Shenton Way, No. 7 Singapore 068810 ရှိ Singapore Conference Hall တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြမည် ဖြစ်သည်။ အဆိုပါ အခမ်းအနားတွင် ကရင်အမျိုးသား အလံတော်အား အလေးပြုခြင်း အစီအစဉ်၊ ကရင် ထူးချွန်လူငယ်များအား ဆုပေးခြင်း အစီအစဉ်၊ ဟောပြောပွဲ အခမ်းအနား အစီအစဉ်များသာမက၊ စင်္ကာပူရောက် ကရင် တိုင်းရင်းသားများက တင်ဆက်ကြသည့် ဒုံးယိမ်းအကများ၊ ကရင် တေးသံသာများကို ဝေေ၀ဆာဆာ ခံစားရှုမြင်ရမည်ဖြစ်ကြောင်း သက်ဆိုင်ရာက သတင်းရရှိပါသည်။ အဆိုပါ အခမ်းအနား ကျင်းပမည့် Tanjong Pagar ရထားဘူတာရုံ၏ ထွက်ပေါက် (Exit) E မှ လေးမိနစ်ခန့် လမ်းလျှောက်လျှင် ရောက်နိုင်မည် ဖြစ်သည်။ အခမ်းအနား ကျင်းပရာ အဆောက်အအုံသည် Shenton Way လမ်းပေါ်တွင်ရှိပြီး DBS Building Tower 1 နှင့် မျက်နှာချင်းဆိုင် ဖြစ်သည်။ နေရာ အသေးစိတ်သိလိုပါက ဒီနေရာ ကို နှိပ်ပြီး ကြည့်နိုင်ပါသည်။
(သတင်း-ကရင်လေး မောင်ထင်)