Monday 21 May 2012

စတုတ္ထအကြိမ် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားကျင်းပရေး ပဏာမ အကြိုအစည်းအဝေး ကျင်းပပြီးစီး


(စင်္ကာပူ၊ မေ ၂၀)
စင်္ကာပူနိုင်ငံတွင် ၂၀၀၉ ခုနှစ်က စတင် ကျင်းပခဲ့သော ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနား ကျင်းပရေး ပဏာမ အစည်းအဝေးကို ယနေ့ ညနေ ၆း၃၀တွင် စင်္ကာပူနိုင်ငံ ပင်နီစူလာ ပလာဇာ အနီးရှိ Fort Caning Park တွင် ကျင်းပခဲ့ရာ အမျိုးသားရေးကို ချစ်မြတ်နိုးသော ကရင် တိုင်းရင်းသားများ စုံစုံညီညီ တက်ရောက် ခဲ့ကြသည်။ 
အစည်းအဝေးတွင် စထွန်းထွန်းဦး၊ စကျော်ဟှိလာ၊ စောပိတီ၊ စောအောင်မြင့်ဝင်း၊ စောအဲဆယ်၊ စထင်လင်းထွဋ် နှင့် အခြား တက်ရောက်လာကြသော မျိုးချစ် ကရင် လူငယ်များက ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနား  ကျင်းပရေး ဆိုင်ရာ အကြံပြုချက်များကို လွတ်လပ် ပွင့်လင်းစွာ တင်ပြ ဆွေးနွေးခဲ့ကြသည်။
စတုတ္ထ အကြိမ် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားကို ၂၀၁၂ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ (တနင်္ဂနွေနေ့) တွင်ကျင်းပရန် အကြမ်းဖျဉ်း သဘောတူညီ ခဲ့ကြသည်။ အခမ်းအနား ကျင်းပရန် ခန်းမ ရရှိမှုပေါ်တွင် မူတည်ကာ ကျင်းပမည့် နေ့ရက်နှင့် အချိန်ကို အတည်ပြုရန် သဘောတူညီ ခဲ့ကြသည်။ 
ဘဏ္ဍာငွေ ရှာဖွေရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးရာတွင် လက်ရှိ ပြုလုပ် ကျင့်သုံးလျှက်ရှိသော ရန်ပုံငွေ ရှာဖွေရေးတွင် အခြေခံရန် သဘောတူညီ ခဲ့ကြသည်။ 
ဖျော်ဖြေရေး ဆိုင်ရာများ ဆွေးနွေးရာတွင် ကရင်ဒုံးယိမ်း အကများ၊ ကရင့် တေးသရုပ်ဖော် အကများ၊ ကရင့် ရိုးရာသရုပ်ပြ အခန်းရပ် ပြဇာတ်များ၊ ကရင့်ရိုးရာ တေးဂီတ ဖျော်ဖြေမှုများဖြင့် ရသ အလှ စုံလင်စွာဖြင့် ယခင်နှစ်များနှင့် မတူ တမူထူးခြားစွာ တင်ဆက်ရန် ဆွေးနွေး တိုင်ပင်ခဲ့သည်။ ယခုနှစ် ကျင်းပသော ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားတွင် ကရင် တိုင်းရင်းသား မျိုးနွယ်စုံကို ပါဝင်ရန် နှိုးဆော်ခဲ့ပြီး၊ ကျင်းပရေး အခမ်းအနားတွင် ကရင် အမျိုးသား သီချင်းကို အရှေ့ပိုး၊ အနောက်ပိုး၊ စကော ဘာသာ သုံးမျိုးဖြင့် သီဆိုနိုင်ရန် အကြံပြုခဲ့သည်။ 
ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနား ကျင်းပရေး ကော်မတီကို ဇွန်လ ၃ ရက်နေ့ ညနေတွင် ကျင်းပမည့် ဒုတိယအကြိမ် အစည်းအဝေးတွင် တင်သွင်းကာ ဆုံးဖြတ် အတည်ပြု ကြမည် ဖြစ်သည်။ 
ကရင့်ရိုးရာ တေးသရုပ်ဖော် အက တင်ဆက်နိုင်ရန် ကရင့် လူမှုရေး၊ အမျိုးသားရေး၊ ယဉ်ကျေးမှု စသည်တို့ကို ပေါ်လွင် စေနိုင်သည့် ကရင့်ရိုးရာ သီချင်းများကို Facebook စာမျက်နှာရှိ Karen Family တွင် တင်ပြ အကြံပြုရန်လည်း နှိုးဆော်ထားကြောင်း သက်ဆိုင်ရာက သတင်းရရှိပါသည်။
(သတင်း - မြောင်းမြကရင်လေး)

Tuesday 8 May 2012

ဇွဲကပင် မျိုးချစ် ကရင်လူငယ်များ စုံညီ တွေ့ဆုံပွဲ ကျင်းပပြီးစီး


(စင်္ကာပူ၊ မေ ၆)
၂၀၀၉ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့က စင်္ကာပူ နိုင်ငံရောက် မျိုးချစ် ကရင် လူငယ်များဖြင့် စုပေါင်း ဖွဲ့စည်းထားသည့် ဇွဲကပင် မျိုးချစ် ကရင် လူငယ်များ အဖွဲ့ (စင်္ကာပူ)၏ စုံညီ တွေ့ဆုံပွဲ တစ်ခုကို ယနေ့ နံနက် ၁၁ နာရီက ဆန်တိုဆာ အပန်းဖြေ ကျွန်းရှိ ပါလာဝမ် ကမ်းခြေတွင် ကျင်းပခဲ့ကြသည်။ အဆိုပါ တွေ့ဆုံ စားသောက်ပွဲကို အဖွဲ့ နာယကကြီး စထွန်းထွန်းဦးက စတင် အဆိုပြု၊ မ,တည်ခဲ့ပြီး အသင်း ရံပုံငွေဖြင့် ပံပိုးကာ ကျင်းပခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် မေလ ၁ ရက်နေ့ ညနေပိုင်းက ကျင်းပခဲ့သော တွေ့ဆုံပွဲ ကျင်းပရေး ကြိုတင် အစည်းအဝေးတွင် အများသဘောအရ ဆန်တိုဆာ အပန်းဖြေကျွန်းကို ရွေးခြယ်ခဲ့ခြင်း ဖြစ်သည်။ ယနေ့ စုံညီ တွေ့ဆုံပွဲ အစပိုင်းတွင် နာယကကြီး စထွန်းထွန်းဦး၊ ဥက္ကဌ စကျော်ဟိလာ၊ အထူးဧည့်သည်တော် စောဒီးဒီး နှင့် အခြား အလုပ်အမှုဆောင်များက အမှာစကားများ ပြောကြားခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသော သူများ၏ အကြံပြုချက်များကို ညှိနှိုင်း ဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာကြသော ဧည့်သည်များက ထမင်း၊ ဟင်း၊ ဆီထမင်း၊ လ္ဘက်သုပ်၊ ဘဲကင်၊ သင်္ဘောသီးထောင်း၊ အချိုရည် များဖြင့် ပျော်ပျော် ရွှင်ရွှင် စားသောက်ကြသည်။   
ဇွဲကပင် မျိုးချစ် ကရင် လူငယ်များ စုံညီ တွေ့ဆုံပွဲတွင်  ပျော်ပျော်ရွှင်ရွှင် ကစားနေကြစဉ် (ဓာတ်ပုံ-သတင်းနှင့် ပြန်ကြားရေး၊ ဇွဲကပင်မျိုးချစ်ကရင်လူငယ်များ အဖွဲ့ - စင်္ကာပူ)
စားသောက် ပြီးသောအခါ အမျိုးသမီးများ အတွက် ကံစမ်းမဲ အစီအစဉ် စတင်ရာ ဥက္ကဌကြီး စကျော်ဟိလာက ပေါက်မဲကို ကြေငြာပေးခဲ့ပြီး ပေါက်မဲပေါက်သူ နန့်ပိုးပိုးမင်းအား ကံစမ်းမဲ ပေးအပ်ခဲ့သည်။ ထို့နောက် အဖွဲ့ဝင်များက ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးဖြင့် ပျော်ပွဲရွှင်ပွဲများတွင် ပါဝင် ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သတင်း ရရှိပါသည်။
(သတင်း - မြောင်းမြကရင်လေး)