Thursday 26 January 2012

ဇွဲကပင်မျိုးချစ် ကရင်လူငယ်များအဖွဲ့ (စင်္ကာပူ) သုံးနှစ်ပြည့် နှစ်ပတ်လည် အထူး အစည်းအဝေး ဖိတ်ကြား

(စင်္ကာပူ - ဇန်န၀ါရီ ၂၆ရက်)
          စင်္ကာပူ နိုင်ငံရောက် ကရင် တိုင်းရင်းသားများဖြင့် စုပေါင်း ဖွဲ့စည်း ထားသော ဇွဲကပင် မျိုးချစ် ကရင် လူငယ် အဖွဲ့ (စင်္ကာပူ)၏ သုံးနှစ်ပြည့် နှစ်ပတ်လည် အထူး အစည်းအဝေး တစ်ရပ်ကို ယခု လာမည့် ဖေဖော်ဝါရီလ ၅ ရက် (ဖေဖော်ဝါရီလ ပထမပတ် တနင်္ဂနွေနေ့)တွင် လစဉ် အစည်းအဝေးများ ကျင်းပနေကျ နေရာဖြစ်သော ပင်နီစူလာ ပလာဇာအနီးရှိ  Fort Canning Park   တွင် ညနေ ၆း၀၀ တွင် စတင် ကျင်းပမည် ဖြစ်သည်။ အဆိုပါ သုံးနှစ်ပြည့် နှစ်ပတ်လည် အထူး အစည်းအဝေးသို့ ကရင် အမျိုးသားရေးကို ချစ်မြတ်နိုးသော ကရင် တိုင်းရင်းသားများ အားလုံး တက်ရောက်နိုင်ရန် သက်ဆိုင်ရာက ဖိတ်ကြား နှိုးဆော်ထားကြောင်း သတင်း ရရှိသည်။ 

          အဆိုပါ ဇွဲကပင် မျိုးချစ် ကရင် လူငယ်များ အဖွဲ့ (စင်္ကာပူ)ကို လွန်ခဲ့သည့် ၂၀၀၉ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စင်္ကာပူရောက် ကရင် တိုင်းရင်းသားများအား အခက်အခဲ ကြုံသည့်အခါ လိုအပ်သလို အကူအညီပေး ကြည့်ရှု ကူညီ စောင့်ရှောက် နိုင်ရေး၊ ကရင့် အမျိုးသားရေး တာဝန်များကို ရောက်ရာ နေရာတွင် ကရင် တိုင်းရင်းသားများ စုစည်းကာ စွမ်းစွမ်းတမံ ဖော်ဆောင်နိုင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် စင်္ကာပူရောက် ကရင် လူငယ်များက စတင် ဖွဲ့စည်း တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ သက်တမ်း သုံးနှစ်တာ ကာလ အတွင်းတွင် စင်္ကာပူ နိုင်ငံတွင် တစ်ကြိမ်တစ်ခါမှ ကျင်းပ ပြုလုပ်နိုင်ခြင်း မရှိခဲ့သည့် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ (လက်ချည်ပွဲ) များကို တတိယ အကြိမ်အထိ နှစ်စဉ် ကျင်းပ ပြုလုပ် ပေးနိုင်ခဲ့ပြီး ဖြစ်သည်။ နှစ်စဉ်လည်း စင်္ကာပူ နိုင်ငံ ကရင် နှစ်သစ်ကူး ပွဲများကို တက်တက်ကြွကြွ ပူးပေါင်း ကျင်းပခဲ့ ရုံသာမက၊ ကရင် အမျိုးသား နှစ်သစ်ကူး ပွဲတော် အထိမ်းအမှတ် အဖြစ် နှစ်စဉ် ဘုန်းတော်ကြီး ကျောင်းများတွင် ဆွမ်းကပ် အလှူပွဲများ ကျင်းပလျှက် ရှိသည်။
(သတင်း - ကရင်လေးမောင်ထင်)

No comments:

Post a Comment