Wednesday 8 February 2012

ဇွဲကပင် မျိုးချစ် ကရင် လူငယ် အဖွဲ့ (စင်္ကာပူ) သုံးနှစ်ပြည့် နှစ်ပတ်လည် အစည်းအဝေး ကျင်းပ ပြီးစီး

(စင်္ကာပူ ဖေဖော်ဝါရီ ၅ ရက်)
               စင်္ကာပူ နိုင်ငံရောက် မျိုးချစ် ကရင် လူငယ်များဖြင့် စုပေါင်း ဖွဲ့စည်းထားသည့် ဇွဲကပင် မျိုးချစ် ကရင် လူငယ်အဖွဲ့ (စင်္ကာပူ) သည် ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင် တင်ထောင်ခဲ့ရာ ယခု ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် သုံးနှစ်ပြည့်မြောက် ခဲ့ပြီ ဖြစ်သည်။ ဇွဲကပင် မျိုးချစ် ကရင် လူငယ် အဖွဲ့ (စင်္ကာပူ) ၏ သုံးနှစ်ပြည့် နှစ်ပတ်လည် အစည်းအဝေး တစ်ရပ်ကို ယခုလ ၅ ရက်နေ့ ညနေ ၈း၀၀ က စင်္ကာပူနိုင်ငံ ပင်နီစူလာ ပလာဇာ အနီးရှိ Fort Caning Park တွင် ကျင်းပပြုလုပ်ခဲ့ရာ အသင်းဝင်များ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ဇွဲကပင် မျိုးချစ် ကရင် လူငယ်အဖွဲ့ (စင်္ကာပူ) ၏ နာယကကြီး တစ်ဦးဖြစ်သူ စထွန်းထွန်းဦးက အဖွင့် အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဥက္ကဌ စကျော်ဟိလာက မှာကြားစရာ ရှိသည်များကို မှာကြားခဲ့သည်။ ထို့နောက် ဘဏ္ဍာရေး ဆိုင်ရာ  ဆောင်ရွက်ခဲ့မှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို ဘဏ္ဍာရေးမှူး စောလှစိုးက လည်းကောင်း၊ သတင်းနှင့် ပြန်ကြားရေး ဆိုင်ရာ ဆောင်ရွက် ခဲ့မှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို စထင်လင်းထွဋ်က လည်းကောင်း၊ ဖျော်ဖြေရေး ဆိုင်ရာ ဆောင်ရွက်ခဲ့မှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို စောအောင်မြင့်ဝင်းက လည်းကောင်းနှင့် အဖွဲ့ဆိုင်ရာ လိုအပ်သည်များကို စည်းရုံးရေးမှူး စောအဲဆယ် (စောကျော်ထွန်းလင်း) တို့က အသီးသီး ရှင်းလင်း ပြောကြားခဲ့ကြပြီး လိုအပ်သည်များကို ညှိနှိုင်းကြကာ အခမ်းအနားကို ညနေ ၉း၀၀ ကျော်တွင် ရုပ်သိမ်းခဲ့ကြောင်း သက်ဆိုင်ရာက သတင်းရရှိပါသည်။
(သတင်း-ကရင်လေးမောင်ထင်)

1 comment:

  1. ဟုတ်..မသွားဖြစ်ခဲ့တဲ့ အတွက် ဝမ်းနည်းပါတယ်ရှင်

    ReplyDelete