Sunday 4 May 2014

ဇွဲကပင် မျိုးချစ်ကရင်လူငယ်များ အဖွဲ့ (စင်္ကာပူ)၏ ၂၀၁၄ခုနှစ် ဧပြီလ လပတ်အစည်းအဝေး ကျင်းပ ပြီးစီးခြင်း


(စင်္ကာပူ၊ ဧပြီလ ၆ ရက်)

ဇွဲကပင် မျိုးချစ်ကရင်လူငယ်များ အဖွဲ့ (စင်္ကာပူ)၏ ၂၀၁၄ခုနှစ် ဧပြီလ လပတ်အစည်းအဝေးကို ယနေ့ ၂၀၁၄ခုနှစ် ဧပြီလ ၆ ရက်နေ့ (တနင်္ဂနွေနေ့) ညနေ ၇း၃၀ က ကျင်းပပြီးစီးခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ စင်္ကာပူရောက် ဇွဲကပင် မျိုးချစ် ကရင်လူငယ်အဖွဲ့ဝင်ပေါင်း ၃၀ ယောက်ခန့် တက်ရောက်ခဲ့ကြသည်။

အဆိုပါ အစည်းအဝေးတွင် ဇွဲကပင် မျိုးချစ်ကရင်လူငယ်အဖွဲ့ (စင်္ကာပူ)က ဦးစီးကျင်းပမည့် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားကျင်းပရေး ဆိုင်ရာ ကိစ္စများ၊ လစဉ် လပတ်အစည်းအဝေး ကျင်းပရေး ဆိုင်ရာ ကိစ္စများ၊ ဘဏ္ဍာရေး ဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

ယခုနှစ် ကျင်းပမည့် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားကို သြဂုတ်လ ၁၀ ရက်နေ့ (တနင်္ဂနွေနေ့) တွင် ကျင်းပရန် အတည်ပြုခဲ့သည်။ ၂၀၁၄ခုနှစ် သြဂုတ်လ ၉ ရက်နေ့ သည် စင်္ကာပူနိုင်ငံ ရုံးပိတ်ရက် (အမျိုးသားနေ့) ဖြစ်သောကြောင့် အဆိုပါနေ့တွင် ချက်ပြုတ်ရေးနှင့် ၀ယ်ခြမ်းရေး ကိစ္စများ၊ အခမ်းအနား ပြင်ဆင်ရေး ကိစ္စများ ဆောင်ရွက်နိုင်စေရန် အတွက် သြဂုတ်လ ၁၀ ရက်နေ့ (တနင်္ဂနွေနေ့) တွင် အခမ်းအနားကို ကျင်းပနိုင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ အခမ်းအနားကို ယမန်နှစ်က ကျင်းပခဲ့သည့် Yeo’s Building တွင် ကျင်းပရန် ဆုံးဖြတ်ခဲ့ပြီး ကျင်းပရေးအတွက် ခန်းမ ငှားရမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်။

လစဉ် ကျင်းပနေကြဖြစ်သော ဇွဲကပင် မျိုးချစ် ကရင်လူငယ်များ အဖွဲ့ (စင်္ကာပူ) ၏ အစည်းအဝေးများကို အဖွဲ့သူ၊ အဖွဲ့သားများ အားလုံး အဆင်ပြေစေရန် ပင်နီစူလာ ပလာဇာ အနီးရှိ Fort Canning Park တွင် လစဉ် ပထမပတ် တနင်္ဂနွေနေ့တိုင်းတွင် ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။ အကတိုက်ရန် သီးသန့်သာ ရှိသော သတင်းပတ်များတွင်မူ အကအဖွဲ့ဝင်များ အဆင်ပြေရာ Fort Canning Park သို့မဟုတ် Lakeside Park တစ်နေရာရာတွင် စီစဉ်ရန်၊ အကတိုက်ခြင်းနှင့် အစည်းအဝေး ကျင်းပခြင်း ဆုံသော သတင်းပတ်များတွင်မူ အစည်းအဝေး ကျင်းပရာ Fort Canning Park တွင်သာ ဆုံတွေ့ စည်းဝေးကြရန် အများသဘောတူ ဆုံးဖြတ်ခဲ့ကြသည်။

ဆက်လက်ပြီး ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကို ဘဏ္ဍာရေးမှူး စောဝင်းခိုင်က ရှင်းလင်းပေးရာ ယခင်လများက လက်ကျန်ငွေနှင့် ယခုလ ကောက်ခံရရှိသော ရန်ပုံငွေများအပါအ၀င် ယခုလ စုစုပေါင်း လက်ကျန်ငွေ S$ 3650 တိတိ အဖွဲ့ရံပုံငွေ ရှိကြောင်း သတင်း ရရှိပါသည်။

ထို့နောက် လာမည့် မေလ လပတ် အစည်းအဝေးကို ၂၀၁၄ခုနှစ် မေလ ၄ ရက်နေ့ (တနင်္ဂနွေနေ့) ညနေတွင် Fort Canning Park ကျင်းပမည်ဖြစ်ပြီး အဆိုပါနေ့တွင် လက်ချည်ပွဲအတွက် အကအလှ ဖျော်ဖြေရေး ကိစ္စရပ်များ အပါအ၀င် အခြား ဆွေးနွေးရန် ကိစ္စရပ်များကို ဆွေးနွေးသွားမည် ဖြစ်ပြီး အဖွဲ့သားများ အားလုံး မပျက်မကွက် တက်ရောက်ပေးကြပါရန် တိုက်တွန်းထားကြောင်း သတင်းရရှိပါသည်။

သတင်း၊ မှတ်တမ်းနှင့် ပြန်ကြားရေး
ဇွဲကပင် မျိုးချစ် ကရင် လူငယ်များ အဖွဲ့ (စင်္ကာပူ)

No comments:

Post a Comment