Tuesday 5 August 2014

ဆဋ္ဌမအကြိမ်မြောက် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနား ကျင်းပပြီးစီး



(စင်္ကာပူ၊ သြဂုတ် ၃ ရက်)

စင်္ကာပူနိုင်ငံရောက် မျိုးချစ်ကရင်လူငယ်များနှင့် စုပေါင်းကာ ၂၀၀၉ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် စတင်ဖွဲ့စည်းထားသည့် ဇွဲကပင် မျိုးချစ် ကရင်လူငယ်များ အဖွဲ့ (စင်္ကာပူ)က ကြီးမှူးကျင်းပသော ဆဋ္ဌမအကြိမ်မြောက် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားကို ယခုလ ၃ရက်နေ့က Yeo’s Building, No 2 Telok Blangah Street 31 Singapore 108942 တွင် ကျင်ပခဲ့ရာ စင်္ကာပူရောက် ကရင်တိုင်းရင်းသားပေါင်း ၅၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားကို နေ့လည် ၁း၀၀နာရီတွင် စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။ ရှေးဦးစွာ အခမ်းအနားမှူးများဖြစ်ကြသော စောမြင့်ဦးနှင့် နန်းဇာဇာကြည်တို့က အခမ်းအနားအစီအစဉ်များကို ဖတ်ကြားသည်။
ဆက်လက်ပြီး ကရင်အမျိုးသားအလံတော်ကိုအလေးပြုကာ ကရင်အမျိုးသား သီချင်းသီဆိုလျှက် အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ဇွဲကပင် မျိုးချစ် ကရင်လူငယ်များ အဖွဲ့ (စင်္ကာပူ)က နာယကတစ်ဦးဖြစ်သူ စကျော်ဟှိလာက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ၂၇၅၄နှစ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပရေး (ဗဟို) ကော်မတီ - စင်္ကာပူ က ဥက္ကဋ္ဌ စောဒီးဒီက ကရင့်ရိုးရာ ယဉ်ကျေးမှုနှင့် ပတ်သတ်ပြီး အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနား စာတမ်းများကို ဖတ်ကြားရာ ယခုနှစ် အလှည့်ကျ ဘာသာဖြစ်သော အနောက်ပိုးကရင် ဘာသာစကားဖြင့် နန့်ဝါ၀ါ ကလည်းကောင်း၊ မြန်မာဘာသာစကားဖြင့် မန်းစစ်အေးကလည်းကောင်း အသီးသီး ဖတ်ကြားခဲ့ကြသည်။
ထို့နောက် ဇွဲကပင် မျိုးချစ် ကရင်လူငယ်များ အဖွဲ့ (စင်္ကာပူ)မှ လူငယ်မောင်မယ်လေးများက ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ ကျင်းပပုံကို သရုပ်ပြ ခဲ့ကြသည်။ ဆက်လက်ပြီး အခမ်းအနားကို တက်ရောက်လာကြသော ကရင် ညီအစ်ကို မောင်နှမများက ဘိုးဘွားများထံတွင် လက်ချည်ခြင်းကို ခံယူခဲ့ကြကြောင်း သတင်းရရှိသည်။
ဆက်လက်ပြီး အခမ်းအနား အစီအစဉ် ဒုတိယပိုင်းအနေဖြင့် ဖျော်ဖြေရေး အစီအစဉ်များကို တင်ဆက်ရာတွင် ဇွဲကပင် မျိုးချစ် ကရင်လူငယ်များက
-         ချည်ဖြူဖွဲ့ မင်္ဂလာ သရုပ်ပြ ဒုံးယိမ်းအက၊
-         ညီညာလှပ ကရင်ဒုံးယိမ်းအက၊
-         ကရင့်ရိုးရာ ကျွဲဒုံး၊
-         ကရင့်ရိုးရာ တေးသရုပ်ဖော် ဒုံးယိမ်းအကများအပြင် အသင်းသားတို့၏ သာယာ နာပျော်ဖွယ်ရာ တေးသံသာများဖြင့် စုံလင်စွာ တင်ဆက်ခဲ့ကြသည်။
ထို့နောက် အခမ်းအနားကို ကရင့်ရိုးရာ စည်းလုံးညီညွတ်ရေး တေးတစ်ပုဒ်ဖြစ်သော အောခူးအောခေါင် သီချင်းကို ဧည့်ပရိတ်သတ်များက စုပေါင်းသီဆိုကာ အခမ်းအနားကို ညနေ ၅း၀၀ နာရီတွင် အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့သည်။
အခမ်းအနားအပြီးတွင် ဇွဲကပင် မျိုးချစ် ကရင်လူငယ်များ အဖွဲ့ (စင်္ကာပူ)မှ ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနား ကျင်းပရေး ကော်မတီဝင်များသည် တက်ရောက်လာကြသော ဧည့်ပရိတ်သတ်များနှင့် စုပေါင်းကာ အမှတ်တရ ဓာတ်ပုံများ ရိုက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ ဇွဲကပင် မျိုးချစ်ကရင်လူငယ်များ အဖွဲ့ (စင်္ကာပူ)သည် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားကို ၂၀၀၉ခုနှစ် သြဂုတ်လ ၉ ရက်နေ့မှစတင်ကာ နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုနှစ်ဆိုလျှင် ဆဋ္ဌမအကြိမ်တိုင်ခဲ့ပြီဖြစ်သည်။

သတင်း မှတ်တမ်းနှင့် ပြန်ကြားရေး
(ဇွဲကပင် မျိုးချစ် ကရင် လူငယ်များ အဖွဲ့ စင်္ကာပူ)

No comments:

Post a Comment